Sunday, 10 April 2022

ပြတင်းတံခါး၏ ဟိုမှာဘက် - မင်းပိုင်မြတ်သူ

“ကျွန်မရဲ့ဒေါ်ဒေါ် မကြာမီမှာပဲ ဆင်းလာပါလိမ့်မယ် မစ္စတာ နတ်တယ်လ်”

တည်ငြိမ် အိန္ဒြေရသည့် ဆယ့်ငါးနှစ်အရွယ် မိန်းမပျိုလေးက ပြောသည်။


“ဒေါ်ဒေါ်မလာခင်စပ်ကြားမှာတော့ ကျွန်မနဲ့ပဲ သည်းသည်းခံစကားပြောပေါ့”


ဖရမ်တန် နတ်တယ်လ်သည် မိန်းမပျိုလေး၏ မကြာမီ ဆင်းသက်လာမည့် အဒေါ်ဖြစ်သူအား မငဲ့ရာမရောက်သော၊ မိန်းမပျိုလေးအားလည်း သင့်မြတ်သည့် ချီးမြှောက်ခြင်းတစ်စုံတစ်ရာဖြစ်စေသော ယဉ်ကျေးသည့် ပျူပျူငှာငှာစကားမျိုးကို ကြိုးစားပြောဆိုသည်။ စိတ်အတွင်းမှာမူ တစ်သက်တာအတွင်း အကြီးဆုံးသော သံသယဖြစ်မိရသည်။


ပကတိသူစိမ်းများထံ ဤသို့သော တခမ်းတနား အလည်အပတ်ပြုနေခြင်းများသည် စိတ်ပြေလက်ပျောက်ဖြစ်စေရေးအတွက်နားအေးပါးအေးနေနေမှရမည်ဖြစ်သော မိမိ၏ စိတ်အနားယူကုသခြင်းအား အထောက်အကူများ ဖြစ်ပါ့မလားဟူ၍ သသံယဖြစ်မိသည်။


“ဘယ်လိုဖြစ်မလဲဆိုတာ အစ်မအသိပေါ့”


ဤငြိမ်းအေးတိတ်ဆိတ်ရာ ကျေးလက် အစွန်အဖျားဒေသသို့ လာရောက် ပြောင်းရွှေ့နေထိုင်းခြင်းအတွက် သူပြင်ဆင်နေခဲ့စဉ်က အစ်မဖြစ်သူက ပြောခဲ့သည်။


“အဲသည်မှာ ငြိမ်ကုပ်ကုပ်ပဲလုပ်နေပြီး ဘယ်သူနဲ့မှ စကားရင်းနှီးမဆိုဘဲ မင်းနေနေပါလိမ့်မယ်။ ဒါနဲ့ပဲ စိတ်ပျက်ငေးမှိုင်နေရာက မင်းရဲ့စိတ်ကျန်းမာရေး ပိုဆိုးသွားလိမ့်မယ်။ အဲသည်က အစ်မနဲ့ သိကျွမ်းသမျှ လူတွေဆီကို မိတ်ဆက်စာရေးပေးလိုက်မယ်လေ။ မှတ်မိသလောက်ပြောရရင်… တစ်ချို့တွေက အတော်လေးစိတ်ရင်းကောင်းကြပါတယ်ကွယ်”


မိတ်ဆက်စားများပေးရမည့်သူများတွင်အပါအဝင်ဖြစ်သော မစ္စဆက်ပ်လက်တန် ဟူသည့်အမျိုးသမီးသည် ထိုစိတ်ရင်းကောင်းကြသူများထဲ ပါပါလေစ ဟု ဖရမ်တန်က တွေးသည်။


“သည်တစ်ဝိုက်လူတွေကို ဦးလေးသိကျွမ်းပါသလားရှင့်”


တိတ်ဆိတ်စွာ ဧည့်ခံအဖေါ်ပြု နေရခြင်းကို တော်သင့်လောက်ပြီဟု ဆုံးဖြတ်လိုက်သည့် မိန်းမပျိုလေးက မေးမြန်းသည်။


“တစ်ယောက်တစ်လေတောင် မသိပါဘူးကွယ်”

ဖရမ်တန်က ပြန်ဖြေသည်။


“လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းကတော့ ဦးရဲ့အစ်မကြီးဟာ သည်မှာ နေသွားခဲ့တယ်ကွ။ ဘုရားကျောင်းဝင်းထဲမှာလေ။ ငါ့တူမ သိမယ်ထင်ပါတယ်။ အဲတာ ဦးရဲ့အစ်မကြီးက သူသိခဲ့တဲ့ သည်ကလူအချို့ကို ဦးလေးကတစ်ဆင့် မိတ်ဆက်စာတွေပေးလိုက်တာပါပဲ”


သူ၏ နောက်ဆုံးစကားလုံးများသည် ( ဟုတ်လိမ့်မယ်မထင်၊ အဆင်ပြေလိမ့်မယ်မထင်ပါဘူး ဟူသည့် ) နောင်တရသံ အထင်းသားပေါ်သည်။


“ဒါဖြင့်ရင် ကျွန်မရဲ့ ဒေါ်ဒေါ်အကြောင်းကို ဦးလေးမည်မည်ရရ ဘာမှမသိဘူးပေါ့နော်”


ယုံကြည်မှုပြင်းပျသည့် မိန်းကလေးက စကားပြန်ဆက်သည်။


“နေရပ်နဲ့ နာမည်လောက်ပါပဲကွယ်”


ဧည့်သည်လူကြီးက ဝန်ခံ၏။ အခန်းတွင်းရှိ ဖော်ပြခြင်းငှာ မစွမ်းသာသော တစ်စုံတစ်ရာက လူသားယောကျာ်းနေထိုင်သွားလာမှုရှိသည့် သဘောသဘာဝကို လှစ်ဟနေသဖြင့် မစ္စဆက်ပ်လက်တန်သည် လက်ရှိတွင် အိမ်ထောင်ရှိသူလား၊ မုဆိုးမဖြစ်သလားဟူ၍ တွေးကြည့်နေ၏။


“ဒေါ်ဒေါ်ရဲ့ ပူဆွေးသောကကြွယ်ရတဲ့ အဖြစ်ဆိုးဟာ ပြီးခဲ့တဲ့ သုံးနှစ်ကျော်ကျော်လောက်ကပဲ ဖြစ်ပျက်ခဲ့ပါတယ်”


ကလေးမလေးက ပြောသည်။


“ဦးလေးရဲ့ အစ်မကြီးနေသွားခဲ့တဲ့ အချိန်ဝန်းကျင်လောက်ကပါပဲ”


“ပူဆွေးသောက… ဟုတ်လား”


ဖရမ်တန်က ပြန်မေးသည်။ ဤကဲ့သို့သော တိတ်ဆိတ်အေးချမ်းလှသည့် ကျေးတောအရပ်ဒေသနှင့် သောကရောက်စရာ ပူဆွေးဖွယ်အဖြစ်ဆိုးတို့ ဟူသည် မအပ်မစပ် မဆီမဆိုင်နိုင်လှသည်။ ကြားရသည်မှာ တစ်မျိုးတစ်မည်နိုင်လှသည်။


“ ဟော… ဟိုက ပြတင်းတံခါးကြီးကို အောက်တိုဘာညနေခင်းအချိန်မျိုးမှာ ဘာရယ်လို့များ ဟင်းလင်းဖွင့်ထားသလဲရယ်လို့ ဦးလေး အံ့သြမိပါလိမ့်မယ်”


မြက်ခင်းဆီသို့ပေါက်သော ကြီးမားကျယ်ပြန့်သည့် နှစ်ဖက်ပိတ်ပြတင်းတံခါးကြီးကို ညွှန်ပြရင်း တူမလေးဖြစ်သူက ပြောပြသည်။


“ဒီအချိန်က တစ်နှစ်တာမှာ အတော်လေး နွေးတယ်ပြောလို့ရပါတယ်။ သို့ပေမယ့် … ”


ဖရမ်တန်က ပြောသည်။


“ အဲသည်ပြတင်းတံခါးဟာ သမီးပြောတဲ့ ဝမ်းနည်းဖွယ်အဖြစ်အပျက်နဲ့ တစ်နည်းတစ်ဖုံဆက်စပ်နေသလားလို့”


“အဲသည် ပြတင်းကနေ တစ်ဆင့်ပေါ့ဦးလေးရယ် ။ ပြီးခဲ့တဲ့ သုံးနှစ်တာရဲ့ နေ့လေးတစ်နေ့မှာ ဒေါ်ဒေါ့်အမျိုးသားရယ်၊ ဒေါ်ဒေါ်ရဲ့ နှစ်ယောက်သော မောင်လေးတို့ရယ်ဟာ တစ်နေ့တာ အမဲပစ်ဖို့ ထွက်သွားကြတယ်။ ဒါပေမယ့် ဘယ်တော့မှ ပြန်ရောက်မလာတော့ဘူး။ ချောင်းမြောင်းပစ်ခတ်ဖို့သူတို့ရဲ့ စိတ်ကြိုက် ပစ်ကွင်းဆီကို အသွားမှာ မြေရိုင်းရှိတဲ့ ခြုံတောကို ဖြတ်မိကြတော့ မြင်သာထင်သာရှိမနေတဲ့ နွံတစ်ခုဟာ သူတို့သုံးယောက်လုံးကို ဆွဲယူ နှစ်ချသွားတယ်။


အဲသည်စိုစွတ်ပြီး ဆိုးဝါးတဲ့နွေမှာပေါ့။ အရင့်အရင်နှစ်တွေမှာ အန္တရာယ်မရှိခဲ့တဲ့နေရာတွေဟာ ဘာအရိပ်အယောင်မှမပြဘဲ ရုတ်တရက်ဆိုသလိုပဲ… သိလား။ ပိုကြေကွဲဖို့ကောင်းတာကတော့ အလောင်းရှာမရခဲ့တာပါပဲ”


သည်တွင် မိန်းကလေးငယ်၏ လေသံအတက်အကျ၌ မိမိကိုယ်မိမိယုံကြည်မှုများ ပျောက်ကွယ်သွားသည်။ လူသားဆန်စွာ ညံ့သက် အားပျော့သွား၏။


“သနားဖို့ကောင်းတဲ့ ဒေါ်ဒေါ်ဟာ တစ်နေ့နေ့မှာတော့ဖြင့် … သူတို့တွေပြန်လာလိမ့်မယ်ချည်းမှတ်နေတော့တာပဲ။ သူတို့တွေရယ်၊ အတူပါပြီးပျောက်သွားရှာတဲ့ ခွေးကလေးရယ်ဟာဖြင့် အဲသည်ပြတင်းကနေ အရင်က ဝင်ထွက်နေကျအတိုင်းပဲ - လျှောက်ဝင်လာလိမ့်မယ်လို့ရယ်လေ…။


ဒါကြောင့်မို့ပဲ အဲသည်ပြတင်းကို ညနေတိုင်း ဖွင့်ဖွင့်ထားရတာ မှောင်ရီအတော်ပျိုးတဲ့အထိပဲ။


သနားစရာဒေါ်ဒေါ်ဟာ ခဏခဏ သူ့မိသားစုနဲ့ အပြင်ထွက်တဲ့အကြောင်းတွေ ပြောပြတတ်တယ်။ မိုးကာအင်္ကျီအဖြူကို လက်မောင်းမှာ ချိတ်ထားတဲ့ သူ့ခင်ပွန်းအကြောင်း၊ “ဘာကြောင့်ခုန်သလဲ ဘာဒီးရယ်”ဆိုတဲ့သီချင်းကိုတကျော်ကျော်လုပ်ရင် ဒေါပွတယ်ပြောထားလို့ ဒေါ်ဒေါ့်ကိုစနောက်နေကျအတိုင်း ဆိုညည်းတတ်တဲ့ ဒေါ်ဒေါ့်မောင် အထွေးဆုံးလေးအကြောင်း၊ စသဖြင့် ပြောပြောတတ်တယ်။


ကျွန်မပြောပြမယ်သိလား။ တစ်ခါတစ်ခါမှာ… သည်လို … တိတ်ဆိတ်ပြီး… ငြိမ်သက်နေတဲ့ ညနေခင်းမျိုးဆိုရင် - အဲသည်ပြတင်းကနေ သူတို့တွေ တကယ်ပဲလမ်းလျှောက်ပြီး ဝင်လာကြတော့မယ့်အတိုင်းပဲ… ကျွန်မကျောချမ်းတယ်”


မိန်းမပျိုလေး ကြက်သီးထဟန်ဖြင့် ကိုယ်ကို ဆတ်ကနဲ လှုပ်ခါသည်။

မျက်နှာအပြနောက်ကျသည့်အတွက် တောင်းပန်စကား တစ်သီတစ်တန်းကြီးပြောဆိုလျက် အဒေါ်ဖြစ်သူ ကပျာကယာဝင်လာတော့မှပင် ဖရမ်တန်အတွက် စိတ်သက်တောင့်သက်သာဖြစ်ရသည်။


“တူမလေး ဗီရာက ရှင့်ကို ဖျော်ဖြေဧည့်ခံနေခဲ့မှာမယ်လို့ မျှော်လင့်ပါတယ်။ ဟုတ်ကဲ့လားရှင်”

အမျိုးသမီးကပြောသည်။


“အဟုတ်ပါပဲခင်ဗျ။ ကလေးမလေးက စိတ်ဝင်စားဖွယ်ကောင်းပါပေတယ်”

ဖရမ်တန်က ပြန်ပြောသည်။

“ဖွင့်ထားတဲ့ ပြတင်းတံခါးကို စိတ်မရှိပါဘူးလို့မျှော်လင့်ပါတယ်ရှင်”


မစ္စဆက်ပ်လက်တန်က သွက်သွက်ပြောဆိုသည်။


“ကျွန်မခင်ပွန်းနဲ့ မောင်မောင်တွေက အမဲပစ်ရာကနေ အိမ်ကိုတန်းပြီးပြန်ကြတဲ့အခါ သည်အပေါက်ကနေ ဝင်လာမြဲဆိုတော့လေ။ နုန်းမြေတွေမှာ ကနေ့သူတို့ အမဲ အပစ်အခတ်ထွက်သွားကြတာပါပဲ။ ကျွန်မရဲ့ သနားဖွယ်ကော်ဇောတွေပေါ် တစ်ဝကြီးပေပွနေအောင် လုပ်ကြပါလိမ့်မယ်သူတို့။ ရှင်တို့ ယောကျာ်းတွေရဲ့သဘာဝအတိုင်းလေ။ ဟုတ်တယ်မှလားရှင့်”


တစ်ခါ သူမသည် ငှက်များရှားပါးပြီး ရခဲသည့်အကြောင်း၊ ဆောင်းကာလတွင် ဘဲကောင်ရနိုင်ခြေများအကြောင်း တတွတ်တွတ်နှင့် တက်အားတက်ကြွ စကားကိုဆက်ပြန်သည်။ ဖရမ်တန်အတွက်မူ အခြေအနေသည် အတော်ဆိုးဝါး၏။ ပြောဆိုသည့်အကြောင်းအရာ ပျင်းရိညစ်ညူးဖွယ် သက်သာလိုငြား အသဲအသန်ကြိုးစားပါသော်လည်း အထိုက်အလျောက်သာ အောင်မြင်သည်။

ဖရမ်တန် တစ်ခု သတိထားမိသည်မှာ အိမ်ရှင်အမျိုးသမီးသည် ဧည့်သည်အပေါ် စိတ်အပြည့် ရောက်ဖေါ်မရသည်ကိုပဲဖြစ်သည်။


ဖရမ်တန်ထံမှ ဖယ်ခွာ၍ ပြတင်းတံခါးနှင့် မြက်ခင်းပြင်၏ ဟိုမှာဘက်ဆီသို့ သူမ၏မျက်လုံးအကြည့်များ အမြဲတစေ ကျော်လွန်ပြီး ရောက်ရောက်သွားတတ်သည်။


ဤကြေကွဲစရာအမှတ်ရစရာအချိန်အခါမျိုးတွင်မှ အလည်အပတ်ရောက်မိရခြင်းမှာ ကံခေလှသော တိုက်တိုက်မှုသက်သက် ဖြစ်တော့သတည်း။

“ဆရာဝန်က ကျွန်ုပ်ကို လုံးဝအနားယူရမယ်လို့ ဆိုထားသဗျ”


ဖရမ်တန်က ကြေကြေညာညာပြောသည်။

သူစိမ်းများဖြစ်စေ၊ အကြောင်းကြုံကြိုက်၍ တွေ့ဆုံကြရသည့် ပွဲလမ်းမိတ်ဆွေတို့ဖြစ်စေ တစ်ယောက်၏ သာကြောင်းမာကြောင်း၊ အဖျားအနာတို့အကြောင်းကို တစ်ယောက်က စေ့စေ့ငုငု သိချင်ပြင်းပျရှိလိမ့်မည် မေးမေးမြန်းမြန်း ရှိလိမ့်မည်ဟု တစ်ထစ်ချ မှတ်ယူနေရှာသော ဖရမ်တန်က ဆက်ပြောပြန်သည်။


“စိတ်လှုပ်ရှားစရာမှန်သမျှမရှိရ၊ ကိုယ်ကာယအပြင်းအထန် လှုပ်ရှားတာနဲ့ဆိုင်တာမှန်သမျှ ရှောင်ပါ၊ သူတို့ သဘောမတွေ့တဲ့ အစားအသောက်… စသဖြင့် ရှောင်ကြဉ်ပါဆိုပဲဗျ”

“အော်… ဟုတ်လား”

မစ္စဆက်ပ်လက်တန် သန်းလိ်ုက်သည့် အဆုံးတွင်မှ “ဟုတ်လား”ဟူသော အသံက အစားထိုးဝင်သွားသည်။ တပြိုင်တည်းမှာပဲ ဖြတ်ကနဲ မျက်လုံးများလင်းလက်ကာ နိုးနိုးကြားကြားအသွင်ပြောင်းသွားသည်။


သို့သော် ဖရမ်တန်၏ ပြောစကားများကြောင့်မဟုတ်ပေ။


“ဟော … ရောက်လာကြပါပြီ နောက်ဆုံးမတော့”

အမျိုးသမီးက စိတ်လှုပ်ရှားစွာ ထအော်သည်။

“လက်ဖက်ရည်သောက်ချိန်အမီပါပဲရှင်၊ ကြည့်ပါဦး။ ရွှံ့တွေပေပွနေတာ ။ မျက်လုံးတွေတောင် တက်ဖုံးတော့မတတ်ပဲရှင်”

ဖရမ်တန်အနည်းငယ် ကျောချမ်းသွားသည်။


ကလေးမလေးရှိရာသို့

သနားဂရုဏာသက်ကြောင်းပေါ်လွင်စေသည့်အကြည့်များ ပို့လွှတ်သည်။ ကလေးမလေးမူကား ပြတင်းတံခါးအပြင်ဘက်အား စိုက်ငေးကြည့်နေလေ၏။


မျက်လုံးအစုံတွင် ဝေခွဲမရသည့် ထိတ်လန့်ခြောက်ခြားမှုများနှင့်။ကြက်သီးထဖွယ် အမည်မသိ အကြောက်တရားလှုံ့ဆော်မှုကြောင့် ဖရမ်တန်သည် ထိုင်ခုံမှ ဝဲကနဲ လှည့်ကာ မိန်းမပျိုလေး ကြည့်နေသည့်ဘက်သို့ လိုက်ပြီးကြည့်၏။


မှောင်မဲရိပ်ကဲလာနေသည့် ဆည်းဆာအောက်တွင် မြက်ခင်းကိုဖြတ်ကျော်လျက် - ပုံရိပ်သုံးခုသည် ပြတင်းတံခါးရှိရာ ဦးတည်လျှောက်ဝင်လာကြသည်။ လက်တွင်လည်း သေနတ်များ ပိုက်ထားကြသည်။ ပုံရိပ်တစ်ခုဆိုလျှင် အဖြူရောင် မိုးကာကုတ်တစ်ထည်ကို ပုခုံးပေါ်လွှမ်းတင်ထားသည်။ နွမ်းနယ်နေသော ခွေအညိုလေးတစ်ကောင်သည် သူတို့၏ ဖနောင့်နှင့် ထပ်ကြပ်မကွာ အပြေးလိုက်၏။


ဆူညံသံကင်းမဲ့စွာ ပုံရိပ်များသည် အိမ်အနားနီးကပ်လာကြသည်။ ထိုစဉ် ဝိုးတဝါးအမှောင်ထဲမှနေ၍ ငယ်ရွယ်သော၊ အက်ကွဲကွဲအသံတစ်ခု ထွက်ပေါ်လာ၏။


“ပြောနေတယ်လေ။ ဘာဒီးရေ- မင်းဘာကြောင့်ခုန်ဆွနေသလဲလို့”


ဖရမ်တန်သည် တုတ်ကောက်နှင့် ဦးထုပ်တို့အား လွှားကနဲ လှမ်းကောက်ယူသည်။ ကမူးရူးထိုးထွက်ပြေးသွားလိုက်သမှ ဧည့်ခန်းမ၏တံခါး၊ အိမ်အပြင်ဘက် ကျောက်ခင်းလမ်းနှင့် ခြံတံခါးဝတို့အား ရိုးတိုးရိတ်တိတ်သာ သိမြင်လိုက်၏။ လမ်းအတိုင်း နင်းလာသော စက်ဘီးတစ်စီးသည် ဖရမ်တန်နှင့် မတိုက်မိစေရန် ရှောင်လိုက်ရာ အလှစိုက်ပန်းခြုံတန်းထဲ ဝင်တိုးမိ၏။


“ကဲ - ရောက်ပါပြီရှင်မရေ… ”

မိုးကာအဖြူကို ပုခုံးပေါ်ပိုးတင်ထားသော လူတစ်ယောက်က ပြတင်းတံခါးမှတစ်ဆင့် ကျော်ဝင်လာရာမှ လှမ်းပြောသည်။


“ဗွက်တွေ သိပ်မစိုခဲ့ဘူး။ တစ်ထည်လုံးနီးနီး မစိုဘူး။ ဒါနဲ့ ခုနကိုယ်တို့ ဝင်လာတုန်းက တန်းနေအောင် ပြေးထွက်သွားတာ ဘယ်သူတုန်းကွ”

“မကြားဖူးမကြုံဖူး အဆန်းတကာ့လူအဆန်းကြီးပေါ့တော်။ မစ္စတာနတ်တယ်လ် လို့ခေါ်တယ်”

မစ္စဆက်ပ်လက်တန်က ပြောသည်။


“သူ့ကျန်းမာရေးအကြောင်း၊ သူ့သာရေးနာရေးအကြောင်းချည်းပြောဖို့လောက်ပဲ နားလည်တဲ့လူ။ “ခွင့်ပြုပါဦး၊ သွားပါဦးမယ်”လို့ တစ်ခွန်းမှ ဆိုဖော်မရဘဲ ဝုန်းဆို ဒုန်းစိုင်းပြေးထွက်သွားတော့တာပဲ။ ရှင့်ကိုတောင် စကားမဆိုလိုက်ရတဲ့အတွက် တောင်းပန်စကားပြောသွားမယ်များ မရှိဘူး။ တကယ့်လူပါပဲတော်။ အကြောင်းမသိတဲ့လူများဆိုရင် သရဲနဲ့တိုးတယ်များ အောက်မေ့ကြမယ်”


“ကျွန်မကတော့ ခွေးကလေးကြောင့်လို့ ထင်တာပါပဲဒေါ်ဒေါ်”

တူမဖြစ်သူက ငြိမ်သက်အေးဆေးစွာ ပြောပြသည်။


“ခွေးတွေနဲ့ ပတ်သက်ပြီး အကြောက်တစ်ခုရှိတယ်လို့ ကျွန်မကို ဖရမ်တန်က ပြောပြတယ်။ တစ်ခါတုန်းကဆိုရင် အိန္ဒိယမြစ်ကမ်းတစ်ခုနားမှာ ပါရီယာ ခွေးတစ်အုပ်အလိုက်ခံရတာ သင်္ချိုင်းတစ်ခုထဲပြေးဝင်လိုက်ရတယ်တဲ့။


အပေါ်ကနေ အမြှုပ်တစီစီ၊ မာန်တဖီဖီ၊ သွားတဖြဲဖြဲနဲ့ခွေးတွေဝိုင်းပတ်နေတဲ့ တူးလက်စ အသစ်စက်စက် အသုဘတွင်းထဲမှာ တစ်ညလုံးနေခဲ့ရသတဲ့။ ဘယ်သူမဆို သွေးပျက်လောက်ပါတယ်လေ”


လျှပ်တပျက် လုပ်ကြံဇာတ်လမ်းဖန်တီးပြောဆိုခြင်းကား… သူမ၏ အတတ်ထူးတစ်ခုပင်ဖြစ်တော့သည်။



မင်းပိုင်မြတ်သူ

Saki ( H. H. Munro ) ၏ The Open Window ကို တိုက်ရိုက် ပြန်ဆိုပါသည်။

No comments:

Post a Comment

ပြတင်းတံခါး၏ ဟိုမှာဘက် - မင်းပိုင်မြတ်သူ

“ကျွန်မရဲ့ဒေါ်ဒေါ် မကြာမီမှာပဲ ဆင်းလာပါလိမ့်မယ် မစ္စတာ နတ်တယ်လ်” တည်ငြိမ် အိန္ဒြေရသည့် ဆယ့်ငါးနှစ်အရွယ် မိန်းမပျိုလေးက ပြောသည်။ “ဒေါ်ဒေါ်မလာ...